Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

"(၁၃) ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း"

(၁၃)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:၀၀)နာရီအချိန်တွင် တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၌ ကျင်းပရာ  အခမ်းအနားသို့ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များ၊ ဂုဏ်ထူးဆောင်ပါမောက္ခများ၊  ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းတို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူ များနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးပညာဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ကိုယ်စားလှယ်များ၊ စာတမ်းရှင်သုတေသီများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။   

အခမ်းအနားကို တိုင်းရင်းဆေးပညာရှင်များ၏ နဝရတ်ကတိသစ္စာကို သံပြိုင်ရွတ်ဆို၍ ဖွင့်လှစ်ပြီးနောက် သဘာပတိ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင်  တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲများသည် မြန်မာ့တိုင်းရင်းဆေးလောက  ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ခြေလှမ်းများဖြစ်ကြောင်း၊ မြန်မာ့တိုင်းရင်းဆေးကုထုံးများနှင့် တိုင်းရင်းဆေးဝါးများ၏ အမှန်တကယ် အကျိုးအာနိသင်ရှိမှုကို  Experience based ကနေ Evidence based သို့ ပြောင်းလဲ၍ လက်တွေ့သက်သေများဖြင့် ပြသနိုင်မည်ဖြစ်ကြောင်း၊  ဆန်းသစ်တီထွင်နိုင်သော သုတေသနဆိုင်ရာအကြံဉာဏ်များဖလှယ်ရန်နှင့် တိုင်းရင်းဆေးပညာနယ်ပယ်ကို ရှေ့သို့ တွန်းအား ပေးမည့် ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်ရန် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း၊ သုတေသနစာတမ်းဖတ်ပွဲများသည် တိုင်းရင်းဆေးပညာ၏ ကျန်းမာရေးစောင့်ရှောက်မှု  အဆင့်အတန်းကို ပိုမိုမြင့်မားလာစေမှာဖြစ်ကြောင်း ပြောကြားပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဦးဆောင်၍ ကျင်းပသည့် (၁၃)ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲကို (က) မြန်မာ့တိုင်းရင်းဆေးပညာရပ် အား အတွေ့အကြုံအခြေပြု ဆေးပညာရပ်မှ သက်သေအထောက်အထားပြု ဆေးပညာရပ် အဖြစ်သို့ ပြောင်းလဲတိုးတက်လာစေရန်၊ (ခ) ပြည်သူလူထု၏ အဓိက ကျန်းမာရေးပြဿနာများကို မြန်မာ့တိုင်းရင်းဆေးပညာ၊ တိုင်းရင်းဆေးဝါးများဖြင့် ထိရောက်စွာ ကုသနိုင်ရေးအတွက် တိုင်းရင်းဆေးကုထုံးအသစ်နှင့် ဆေးဝါးအသစ်များ ပေါ်ထွက်လာစေရန်၊ (ဂ) အန္တရာယ်ကင်းရှင်း၍ အရည်အသွေးမြင့်မားသည့် အစွမ်းထက်တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာစေရေးအတွက် တိုင်းရင်းဆေးသုတေသနလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်ရန်နှင့် (ဃ) ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်းစေနိုင်မည့် အရည်အသွေးကောင်းမွန်၍ အသုံးချနိုင်သော တိုင်းရင်းဆေးသုတေသန များ ဆက်လက်ဆောင်ရွက်နိုင်စေရန်အတွက် သုတေသနဆိုင်ရာ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်လာ စေရန်၊ တိုင်းရင်းဆေးသုတေသနလုပ်ငန်းများနှင့် သုတေသနစာတမ်းဖတ်ပွဲများ စဉ်ဆက်မပြတ် ပြုလုပ်နိုင်ရေးအတွက် ဆောင်ရွက်သွားရန်စတဲ့ ရည်ရွယ်ချက်များနဲ့ ကျင်းပခြင်းဖြစ်သည်။

စာတမ်းဖတ်ပွဲကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့မှ ဩဂုတ်လ ၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး  သုတေသနစာတမ်း (၂၉)စောင်၊ ပိုစတာ (၆)စောင် ကို တင်သွင်း ဖတ်ကြား သွားမည်ဖြစ်သည်။  မြန်မာ့တိုင်းရင်းဆေး၏ နယကြီးလေးပါးမှာပါဝင်သော ဝိဇ္ဇာဓရနယ ဆေးပညာ ဆိုင်ရာ‌ ဟောပြောပွဲအပါအဝင် တိုင်းရင်းဆေးဝါးများတွင် မှို/ပိုး ပေါက်ပွားမှုမှ ကာကွယ်နိုင်မည့် လက်တွေ့နည်းလမ်းကောင်းများ၊ အာခါတိုင်းရင်းသားများ၏ ရိုးရာကုထုံးများ၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် နှီးနွယ်ဆက်စပ်ဝန်ကြီးဌာနများဖြစ်သော ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့မှ  သုတေသနစာတမ်းများ ဖတ်ကြားတင်သွင်းကြမည်ဖြစ်သည်။  တိုင်းရင်းဆေးပညာရှင်များနှင့် သိပ္ပံသုတေသီပညာရှင်များ၏ စာတမ်းများပါဝင်သောကြောင့် ပညာရှင်များ တွေ့ဆုံဆွေးနွေးသုံးသပ်အဖြေရှာပြီး  လက်တွေ့အသုံးချနိုင်သည်အထိ သုတေသန များ ဆက်လက် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ယခုသုတေသနစာတမ်းဖတ်ပွဲတွင် အကောင်းဆုံးတိုင်းရင်းသုတေသနစာတမ်း၊ သိပ္ပံ သုတေသနစာတမ်း၊ ကျန်းမာရေးစနစ် သုတေသနစာတတမ်းနှင့် ပိုစတာများကို စိစစ်အကဲဖြတ်ပြီး ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် ဧည့်သည်တော်များသည်  ပြသထားသောပိုစတာများကို လှည့်လည်အားပေးကြည့်ရှုခဲ့ကြပါသည်။

 

Visitors

Today 40

Yesterday 172

Week 212

Month 3208

All 135866

Currently are 26 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.